ဇူလိုင်လ(၁၂)ရက်။
သန်းခေါင်စာရင်းကောက်တာကို အမျိုးသားရေးတာ၀န်အနေနဲ့ အကောင်အထည်ဖော်ဖို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းက မနေ့ကပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်းကောက်ယူတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့စီမံကိန်းတွေနဲ့ မူဝါဒတွေချမှတ်ဖို့ အရေးကြီးတဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေရရှိမယ့် တခုထဲသော စီမံကိန်းလုပ်ငန်းလို့ ဆိုပါတယ်။
အဲ့ဒီသန်းခေါင်စာရင်းကောက်ယူတာဟာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ မဲစာရင်း မှန်ကန်စေဖို့ကိုလဲ အထောက်အကူဖြစ်စေမယ်လို့ သူက ထပ်မံပြောဆိုထားပါသေးတယ်။
စစ်ကောင်စီက လာမယ့် အောက်တိုဘာလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်နေကာ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်းကောက်တဲ့အခါ လုံခြုံရေးအရ လိုအပ်ချက်တွေရှိတဲ့ နေရာတွေအတွက် ရက်တိုးမြှင့်ကောက်ယူသွားဖို့ကိုလဲ စစ်ကောင်စီက ညွှန်ကြားထားပါသေးတယ်။
နိုင်ငအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တာဟာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာလို့ သုံးသပ်ချက်တွေအရ သိရပါတယ်။