အောက်တိုဘာလ (၁၂)ရက်။
အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၅)နာရီခွဲအချိန်ကစပြီး မုဒုံမြို့ရှိ စစ်ကောင်စီရဲ့ အမတ(၃၁၈)ကို ဒရုန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၅)နာရီခွဲကစပြီး (၁၀)နာရီခွဲအထိ မုဒုံမြို့က စစ်ကောင်စီရဲ့ အမတ(၃၁၈)ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပျက်စီးတာတွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီအမြှောက်တပ်ကို နံနက် (၅)နာရီခွဲကနေ (၁၀)နာရီခွဲအထိ ရှော့တိုက်ဒုံးတွေ SF-Z ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကြီးအထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နဲ့ အခြားအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က (၃)ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
မုဒုံမြို့ အဘစ်ကျေးရွာရှိ စစ်ကောင်စီရဲ့ အမြှောက်တပ် အမတ(၃၁၈)ဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာလို့ ပြောဆိုထားပါတယ်။
စစ်ဆင်ရေးကို MSRF၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ NMSP-AD၊ Saw Dragon Drone Force – SDDF(ဒရုန်းအထူးတပ်ဖွဲ့)၊ Ye Air Force – (YAF)၊ ABSDF တပ်ရင်း (၁)၊ ဒေါနတပ်ရင်း(တပ်ခွဲ-၂)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF (ဒေါနတပ်ခွဲ-၄)၊ ထားဝယ်ခရိုင်အမှတ် (၂)တပ်ရင်း – T5 နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – (DDPDF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။