မေလ (၁၃)ရက်။
စစ်ကောင်စီရဲ့ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မြိုင်မြို့နယ်က ပညာရေးလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့အတွက် မြိုင်မြို့နယ်ထဲက မြေပြင်ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားဖို့ အသိပေးထားပါတယ်။
အခုလို မြိုင်မြို့နယ်ထဲက ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်ဆိုင်းထားကြဖို့ကို မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က အသိပေးထားတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စာသင်ကျောင်းတွေအပါအဝင် ဘာသာရေးအဆောက်အဦတွေ၊ ဆေးရုံတွေနဲ့ ကျေးရွာတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
ဒီလိုတိုက်ခိုက်တာတွေကြောင့် စာသင်ကြားနေတဲ့ ကလေးသူငယ်တွေအပါအဝင် ဆရာ၊ ဆရာမတွေ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သတင်းတွေက ရေးသားထားပါတယ်။
မေလ (၁၁)ရက်နေ့ကလဲ ဒီပဲယင်းမြို့ရှိ မန်ကျည်းအုပ်ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။