ဇူလိုင်လ (၁၃)ရက်။
CDM ပြုလုပ်ကာ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ နိုင်ငံ့၀န်ထမ်းတွေကို Black List ကနေ ပယ်ဖျက်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဌာနဆိုင်၀န်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့အတွက် စစ်ကောင်စီက အမည်မည်းစာရင်း(Black List)မှာ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။
ဒီလိုနိုင်ငံ့၀န်ထမ်းတွေ Black List မှာ ပါ၀င်နေတာကြောင့် နိုင်ငံအတွက် လူသားအရင်းအမြစ်ဆုံးရှုံးတာတွေ ဖြစ်ပေါ်တဲ့အပြင် ကာယကံရှင်တွေရဲ့ လူမှုဘ၀တွေ နစ်နာနေတယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီနစ်နာတာတွေကို ကုစားပေးနိုင်ဖို့ လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး အမည်မည်းစာရင်း(Black List)ကနေ ပယ်ဖျက်ဖြေလျော့ပေးမယ်လို့ ရေးသားထားပါတယ်။
အခုလိုဖြေလျော့ပေးပြီး ဥပဒေဘောင်ထဲ နေထိုင်သွားလာနိုင်ဖို့ ဆောင်ရွက်ပေးမှာဖြစ်တာကြောင့် ဇူလိုင်လ (၁၅)ရက်နေ့ကစပြီး တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဌာနတွေကို ပြန်သတင်းပို့ဖို့ ပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီယန္တရား မလည်ပတ်နိုင်စေဖို့ ဌာနအသီးသီးက နိုင်ငံ့၀န်ထမ်းတွေဟာ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။