ဖေဖော်ဝါရီလ (၁၄) ရက်။
ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနို လောင်းကစားလုပ်ငန်းတွေကို အကြွင်းမဲ့ဆန့်ကျင်ပြီး တိုက်ဖျက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNU အနေနဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနို လောင်းကစားလုပ်ငန်း ရှင်းလင်းသန့်စင်မယ့် အိမ်နီးနားချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ စနစ်ဆိုးတွေနဲ့ အဂတိလိုက်စားတာတွေကနေ အမြစ်တွယ် ပေါက်ဖွားလာတာလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အစိုးရအဆက်ဆက်ရဲ့ အဂတိလိုက်စားတာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာနဲ့ တရားဥပဒေစိုးမိုးမှုမရှိတာတို့ကြောင့်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်တဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေကို တိုက်ရိုက်အကျိုးခံစားခွင့် ရနေတာကြောင့် နောက်ကွယ်က ကာကွယ်ပေးတာ၊ ထောက်ခံနေတာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
ကရင်ပြည်နယ်ထဲက ပြည်သူတွေသာမက ပါဝင်ပတ်သက်နေသူတွေ အားလုံးအတွက် လူမှုဒုက္ခမျိုးစုံနဲ့ ဒေသတွင်း မတည်ငြိမ်တာအပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးဆိုင်ရာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။