နိုဝင်ဘာလ (၁၄)ရက်။
ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လုပ်ငန်းလက်မှတ် ရုပ်သိမ်းခံရသူ (၂)ဦးဟာ ပုံနှိပ်ထုတ်ဝေတဲ့ စာရေးသူ မဟူရာ ရေးသားတဲ့ “ 1500 Miles to you” နဲ့ “ အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်တွေကြောင့်လို့ ဆိုပါတယ်။
အဲ့ဒီစာအုပ်တွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်ကို ချိုးဖောက်ပြီး ခံစားနားလည်တာကို လွဲမှားစေတဲ့ ညစ်ညမ်းစာတွေ ဖော်ပြထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒါ့ကြောင့် စည်းကမ်းဖောက်ဖျက်ခဲ့သူ (၂)ဦးဖြစ်တဲ့ ပုံနှိပ်သူ ဦးရာဇာရဲထွဋ်နဲ့ ထုတ်ဝေသူ ဒေါ်စိန်ကြည်တို့ရဲ့ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်တွေကို နိုဝင်ဘာလ (၆)ရက်မှာ ရုပ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပုံနှိပ်သူနဲ့ ထုတ်ဝေသူတို့ကို ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေတွေနဲ့အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၁၁(ခ)နဲ့ ပုဒ်မ(၁၈)တို့ကို လိုက်နာဖို့ ပျက်ကွက်တာကြောင့်ဆိုပြီး ရွှေနိုင်ငံစာပေကို စစ်ကောင်စီက မနေ့က အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခဲ့တယ်လို့ ပြောဆိုထားပါသေးတယ်။
ထုတ်ဝေသူ ဦးမောင်မောင်လှ(ရွှေနိုင်ငံစာပေ)ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြက္ခဒိန်ထုတ်ဝေတာမှာ ရုံးပိတ်ရက် မှားယွင်းဖော်ပြခဲ့မိလို့ စစ်ကောင်စီရဲ့ ခေါ်ယူသတိပေးပြီး ခံဝန်လက်မှတ်ရေးထိုးခဲ့ရသူတွေထဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။