မတ်လ (၁၅) ရက်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆင့် (အသက် ၄၂ နှစ်) ကို Wundwin Township Revolution Force က သတ်ဖြတ်လိုက်ကြောင်း လူမှုကွန်ရက်ကတဆင့် သတင်းထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။
သတင်းထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ ညနေ ၆ နာရီ ခွဲမှာ လုပ်ကြံသက်ဖြတ်လိုက်တာလို့ ဖော်ပြထားပါတယ်။
ဦးတင်ဆင့်ဟာ ပြည်သူတွေကို အုပ်ကြီးမလုပ်လိုကြောင်း နှုတ်ထွက်စာ တင်ထားပြီးဖြစ်ကြောင်း လုပ်မည့်သူ မရှိတဲ့အတွက် ထွက်ခွင့်မရကြောင်း အကြောင်းပြပြီး စစ်ကောင်စီကို နောက်ကွယ်ကနေ တော်လှန်ရေးဘက်တော်သားတွေအိမ်း မိသားစုဝင်တွေကို စုံစမ်းပြီး သတင်းပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မတ်လ (၁၄)ရက် ညနေ (၆) နာရီဝန်းကျင်မှာ ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာအလှူပွဲကို သွားရောက်ပြီး ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်အား သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဦးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာ (၂) ချက် ရရှိခဲ့ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။