ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီ (၁၇)ခုကို အမည်ပျက်စာရင်းကြေညာလိုက်တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပြည်ပအလုပ်အကိုင်အေဂျင်စီ (၁၇)ခုဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းကာ စစ်အာဏာရှင်စနစ်တည်မြဲဖို့အတွက် ကူညီပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ဝင်ငွေခွန်ကောက်ခံတာနဲ့ လုပ်အားခရဲ့ (၂၅%)ကို မိသားစုထံလွှဲငွေအနေနဲ့ လွှဲပေးဖို့အကြောင်းပြပြီး စစ်ကောင်စီထံကို သွေးစွန်းငွေအနေနဲ့ လွှဲပြောင်းပေးနေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအေဂျင်စီတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ခံတာ၊ ဝန်ဆောင်မှုကို ပြီးမြောက်အောင် မလုပ်ဆောင်တာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေကို ဖြေရှင်းမပေးဘူးလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီ (၁၇)ခုကို အမည်ပျက်စာရင်းသတ်မှတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ပြည်ပမှာ လုပ်ကိုင်နေတဲ့ ပြည်သူတွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်တာမရှိဘဲ အမည်ပျက်စာရင်းသတ်မှတ်ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ လုံးဝ(လုံးဝ) ဆက်သွယ်ဆောင်ရွက်တာမပြုဖို့ သတိပေးထားတယ်လို့ သိရပါတယ်။