နိုဝင်ဘာလ (၁၅)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီရဲ့ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ စလင်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အထိုင်ချတပ်စွဲထားတဲ့ ဆင်ဖြူကျွန်းမြို့အနီးက ဆုပ်လေဦးလမ်းဆုံက ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က တပ်သားတွေ ထိခိုက်သေဆုံးတာတွေ များပြားခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲထဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်တာမရှိခဲ့ဘဲ စစ်ကောင်စီအထိုင်စခန်းကိုလဲ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီကင်းစခန်းကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းက ဦးဆောင်ပြီး မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ မိုးကြိုးပျောက်ကြားတပ်ဖွဲ့နဲ့ ဒေါင်းစစ်အောင်(LPDF)တို့နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာလို့ သိရပါတယ်။