နိုဝင်ဘာလ (၁၅)ရက်။
ပုလဲမြို့နယ်ကို စစ်ကောင်စီက (၅)ရက်တာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အထဲ ပြည်သူ (၄)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၅)ရက်တာထဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသား (၃)ဦးနဲ့ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့တာပါ” လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၅)ရက်တာထဲ စစ်ကောင်စီရဲ့ ပုလဲမြို့ကို လေကြောင်းကနေ Mi-35 အပါအဝင် တိုက်ခိုက်ရေးလေယာဉ်တွေအသုံးပြုပြီး (၂၇)ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပုလဲမြို့ပေါ်အပါအဝင် အနီးရှိကျေးရွာ စုစုပေါင်း (၂၁)ရွာက ဒေသခံပြည်သူ (၂၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာအပါအဝင် တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အသက်ဘေးလုကာ အရေးပေါ်ထွက်ပြေးနေရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့လဲ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပုလဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းကာ အပြသ်းအထန် ခုခံနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ရှောင်ဦးရေဟာလဲ တိုးပွားလာနေတာဖြစ်တယ်လို့ သိရပါတယ်။