နိုဝင်ဘာလ (၁၆)ရက်။
မနေ့က တန်ဆောင်မုန်းလပြည့်နေ့ ရွှေပြည်သာမြို့နယ်မှာ ပံ့သကူကောက်ရင်း အမျိုးသမီးတစ်ဦး ကားတိုက်ခံရကာ သေဆုံးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
“ ည (၈)နာရီလောက် ပုလဲလမ်းက (၁၄)လမ်းဆုံမှာ ကာစပေါ်ကနေ ပိုက်ဆံကြဲတာကို လိုက်ကောက်တဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့တာပါ။ ပိုက်ဆံလိုက်ကောက်တာ သားအမိ (၄)ယောက်ကို အဲ့ဒီထဲက အမေဖြစ်သူ သေဆုံးသွားတာ” လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်ရှိ ပုလဲလမ်းမပေါ်က (၁၄)လမ်းဆုံမှာ ကားတစ်စီးပေါ်က ပိုက်ဆံကြဲချတာကို လိုက်လံကောက်ယူတဲ့ မိသားစုဝင် (၄)ဦးထဲက အသက် (၄၀)နှစ်အရွယ်ရှိ မိခင်ဖြစ်သူ ကားတိုက်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
ကားတိုက်ခံရတာကြောင့် မိခင်ဖြစ်သူဟာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး လူမှုကူညီရေးအသင်းတွေက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံရောက်ရှိချိန်မှာတော့ သေဆုံးသွားခဲ့တာပါ။
မနေ့က သာမညဖလအခါတော်နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရန်ကုန်ရှိ လမ်းမပေါ်တွေမှာ ပံ့သကူပစ်တာနဲ့ ပံ့သကူကောက်သူတွေ အများအပြားရှိခဲ့ပြီး ယာဉ်မတော်တဆမှုတွေလဲ ဖြစ်ပွားခဲ့ပါတယ်။
ပံ့သကူပစ်တာမှာ အချို့က ကားပေါ်ကနေကြဲချတာတွေကြောင့် ယာဉ်တိုက်မှုဖြစ်ပွားမှာကို စိုးရိမ်ရပြီး လူမှုကူညီရေးအသင်းတွေကလဲ လူနာတင်ယာဉ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ဖို့ အသင့်စောင့်ဆိုင်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။