ဒီဇင်ဘာလ (၁၆)ရက်။
နိုဝင်ဘာလထဲ စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲ (၃၃)ဦး ပြာ်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ MOD ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေ၊ ပကဖတွေကို ဆက်သွယ်ခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူ (၃၃)ဦးဟာ လက်နက်နဲ့အတူ လာရောက်ကြသူတွေဖြစ်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး နိုဝင်ဘာလထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၂၀)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ချိတ်ဆက် ခိုလှုံဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။