ဧပြီလ (၁၇)ရက်။
ဧပြီလ (၁၅)ရက် သင်္ကြန်အကြတ်နေ့က ဆီဆိုင်မြို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အမတ(၅၀၇)တပ်နဲ့ ခမရ(၅၀၉)တပ်က ဗိုလ်ကြီးဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်းနဲ့ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအ၀င် (၁၃)ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကလဲ စစ်ကောင်စီဘက်က (၁၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ (၂)ဦးဟာ အောင်ပန်းမြို့ရှိ ခုတင်(၇၀၀)ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဧပြီလ (၁၆)ရက်နေ့က ဆီဆိုင်မြို့ အနောက်တောင်ဘက်တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ငယ် (၃)လက်နဲ့ မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းဒေသထဲကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်တွေနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးနေရကာ ဘာသာရေးအဆောက်အဦးတွေကိုလဲ ပစ်မှတ်ထားဖျက်ဆီးနေတယ်လို့ သိရပါတယ်။