ဒီဇင်ဘာလ (၁၇)ရက်။
မင်းတပ်မြို့နယ်မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေ လုံးဝ(လုံးဝ)မပြုလုပ်ဖို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ထဲ မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် အခုလို အသိပေးချက်ထုတ်ပြန်တာလို့ ဆိုပါတယ်။
အခုအခါ မင်းတပ်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ကာလဖြစ်ပြီး လေကြောင်းတိုက်ခိုက်တာ ပိုမိုများပြားလာတာကြောင့် ဘာသာရေးပွဲတွေနဲ့ ရိုးရာပွဲလမ်းသဘင်တွေ ကျင်းပတာ လုံးဝမလုပ်ဖို့ ဖော်ပြထားပါတယ်။
အခုလို အသိပေးထုတ်ပြန်ထားတဲ့အပေါ် မလိုက်နာပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူတာခံရမယ်လို့ ပြောဆိုထားကာ အခုအမိန့်ဟာ နောက်ထပ်အမိန့် ထုတ်ပြန်တာမပြုမခြင်း အတည်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တို့မှာ ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သလို အောင်မြင်မှုအချို့ ရရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးတပ်တွေက ထွေ/အုပ်ရုံးနဲ့ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီရဲ့ ခလရ(၂၇၄)တပ်ရင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။