ဒီဇင်ဘာလ (၁၈)ရက်။
အခု (၃)ရက်တာကာလထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ အရာတော်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပြီးခဲ့တဲ့ (၂)ရက်လောက်ကစပြီး မြို့ပေါ်က လူငယ်တွေကို စကစက ပေါ်တာဆွဲဖမ်းဆီးနေတာ။ လူငယ်တွေကို တော်လှန်ရေးအကြောင်းပြချက်နဲ့ လိုက်ဆွဲနေတာပါ။ ဒီကနေ့အထိကို လူငယ် (၁၁)ဦး ဖမ်းခံထားရတယ်။ တယောက်မှပြန်မလွတ်လာသေးဘူး” လို့ ဆိုပါတယ်။
ဒီဇင်ဘာလ (၁၆)ရက်နေ့ကစပြီး အရာတော်မြို့ပေါ်မှာ စစ်ကောင်စီက လူငယ်တွေကို တော်လှန်ရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး ရန်ကုန်မြို့ကနေ ပြန်လာတဲ့ လူငယ်တစ်ဦးကို ကားဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သလို ဇီးပင်လည်ကျေးရွာကနေ အရာတော်မြို့ပေါ်ကို ဆိုင်ကယ်သွားပြင်တဲ့ လူငယ် (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အရာတော်မြို့ပေါ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို စစ်ကောင်စီဘက်က အခုအချိန်အထိ ပြန်လွှတ်ပေးတာမရှိသေးဘဲ ဘယ်နေရာမှာ ဖမ်ဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါ။
အခုအခါ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈) စတင်ဖို့ ပြင်ဆင်နေပြီး လူအရင်းအမြစ် လိုအပ်ချက်ကြီးမားနေတာကြောင့် ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။