နိုဝင်ဘာလ (၁၉)ရက်။
အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ် (၂)ဦး ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်ရင်းတွေဆီ လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လက်နက်မဲ့ အလင်းဝင်လာသူ (၂)ဦးဟာ စစ်ကောင်စီရေတပ်က တပ်ကြပ် နိုင်မင်းဇော်နဲ့ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံက တပ်ကြပ်ကြီး အောင်မင်းဇင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ (၂)ဦးဟာ ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်ရင်း (၅၁၀၁)နဲ့ တပ်ရင်း (၅၁၀၂)တို့ကို လက်နက်မဲ့ အလင်းဝင်လာခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို ရန်ကုန်တိုင်းစစ်ဌာနက လက်ခံကြိုဆိုနေကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေတွေ ချီးမြှင့်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။