ဩဂုတ်လ (၂၀)ရက်။
မနေ့က ည (၁၀)နာရီ၀န်းကျင်ခန့်မှာ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးရှိ ဦးထွန်းလင်းခြံလမ်းထဲ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ လမ်းနေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ ညက (၁၀)နာရီမထိုးခင်လောက် သေနတ်သံကြားတာ။ ဦးထွန်းလင်းခြံထဲမှာ သေနတ်နဲ့လာပစ်သွားတာလို့ပြောတယ်။ အပစ်ခံရတဲ့သူက ဖုန်းရောင်းတဲ့ဆိုင်က အမျိုးသားတစ်ဦးပါ၊ သေလားမသေလားတော့ သေချာမသိရဘူး” လို့ လမ်းနေပြည်သူတစ်ဦးက ဆိုပါတယ်။
ဦးထွန်းလင်းခြံလမ်းထဲ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကို စစ်ကောင်စီချန်နယ်တွေကလဲ ရေးသားထားကာ ပစ်ခတ်ခံရသူဟာ ဖိုးချစ်ဖုန်းအရောင်းဆိုင်က အသက်(၂၁)နှစ်အရွယ်ရှိ ဆိုင်၀န်ထမ်း အောက်သက်ထွေး(ခ)ငယ်လေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖိုးချစ်ဖုန်းအရောင်းဆိုင်က ၀န်ထမ်းဖြစ်သူ အောင်သက်ထွေး(ခ)ငယ်လေးကို လမ်းလျှောက်လာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ (၂)ချက် ပစ်ခတ်ခဲ့ပြီး အင်းစိန်လမ်းမပေါ်သို့ ထွက်ခွာသွားတယ်လို့ ရေးသားထားပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အောင်သက်ထွေးဟာ ရှပ်ထိဒဏ်ရာ (၂)ချက် ရရှိခဲ့ပြီး မာဃရိပ်ငြိမ်အသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
သေနတ်နဲ့ပစ်ခတ်တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးတွေ ပြုလုပ်ခဲ့ကာ ဘယ်သူတွေက လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။