ဩဂုတ်လ (၂၀)ရက်။
ဩဂုတ်လ (၁၈)ရက်နေ့က မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသား (၄)ဦးအပါအ၀င် (၂၁)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ (၂၇)လမ်း၊ (၆၅)လမ်းနဲ့ (၆၆)လမ်းကြားရှိ နေအိမ်မှာ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းကာ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းအရ ရှာဖွေစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနေအိမ်ထဲကနေ တရုတ်နိုင်ငံသား အမျိုးသား (၃)ဦးနဲ့ အမျိူသမီးတစ်ဦး၊ လောက်ကိုင်မြို့နေ အမျိုးသား (၁၀)ဦးနဲ့ အမျိုးသမီး (၆)ဦးတို့အပါအ၀င် နေအိမ်ပိုင်ရှင် အမျိုးသမီးကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေအိမ်ကနေ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ (၄)စုံ၊ လက်ပ်တော့ (၂)လုံး၊ 5BB wifi စက်တစ်လုံး၊ Ruijie Regee တံဆိပ်ပါ wifi ထပ်ဆင့်လွှင့်စက် (၃)လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေကို ချမ်းအေးသာစံမြိုနယ်ရှိ အမှတ် (၃)နယ်မြေရဲစခန်းမှာ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။