ဩဂုတ်လ (၂၀)ရက်။
လှိုင်မြို့နယ်ထဲ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို လှိုင်မြို့နယ်ပကဖက ဒီကနေ့မှာ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
လှိုင်မြို့နယ်ထဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီအလိုကျ လူငယ်လူရွယ်တွေကို ညအချိန်မတော် ဧည့်စာရင်းအကြောင်းပြပြီး လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းလူပြည့်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အကြမ်းဖက်စစ်ကောင်စီက မတရားစစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို စာရင်းနဲ့တကွ သိရှိပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လှိုင်မြို့နယ်ပကဖအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်နဲ့လဲပြီး ကာကွယ်ရမယ့်တာ၀န်ရှိတာကြောင့် ပြည်သူတွေကို ထိပါးနှောင့်ယှက်တဲ့ ဘယ်သူမဆို လိုက်လံနှိမ်နင်းသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် လှိုင်မြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးကာလ မပြီးဆုံးမချင်း ဆက်လက်ရပ်တည်သွားမှာဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့၀င်တွေအနေနဲ့ ပြည်သူကို ဒုက္ခရောက်စေမယ့်လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ သတိပေးထားပါတယ်။
အခုအခါ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရန်ကုန်သပိတ်အစုအဖွဲ့တွေကလဲ လူထုကို အနီးကပ်ဖိနှိပ်ညှင်းပန်းနေတဲ့ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေရဲ့ အချက်အလက်တွေကို စာရင်းကောက်ယူနေကာ သတင်းပေးပို့ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။