နိုဝင်ဘာလ (၂၀)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က PNLO နယ်မြေထဲ ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဒီကနေ နံနက်ပိုင်းကစပြီး အကြောင်းအရင်းမရှိဘဲ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က PNLO နယ်မြေထဲ ထိုးစစ်ဆင်လာတာကြောင့် ပွန်ချောင်းတံတားအနီး တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲမှာ စစ်ကောင်စီက ပွန်ချောင်းတံတားကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာ” လို့ ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ အကြောင်းရင်းမရှိဘဲ ထိုးစစ်ဆင်လာတာကြောင့် ပွန်ချောင်းတံတားအနီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆိုက်ခေါင်-ဟိုနမ့် ပွန်ချောင်းတံတားကို လေယာဉ်နဲ့ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ပွန်ချောင်းတံတား ဗုံးကြဲခံရတာမှာ ထိခိုက်ပျက်စီးတဲ့အခြေအနေနဲ့ တိုက်ပွဲထဲ နှစ်ဖက်ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကိုတော့ PNLA က ထည့်သွင်းပြောဆိုထားတာ မရှိသေးပါဘူး။
နောက်ပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ အခုအချိန်အထိ အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။