ဒီဇင်ဘာလ (၂၀)ရက်။
စစ်တပ်ဆရာဝန်တွေအနေနဲ့ လိုအပ်လာရင် တိုက်ပွဲဝင်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ စစ်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဆရာဝန်တွေကို သမားဂုဏ်အရ တလေးတစား နေရာပေးလေ့ရှိသလို စစ်တပ်ဆရာဝန်အရာရှိတွေကိုလဲ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ယောက်ျားကောင်းတွေအနေနဲ့ အသိအမှတ်ပြုနေမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အပင်ပန်းခံ ကြိုးစားအားထုတ်ပြီး ရရှိလာတဲ့ စစ်တပ်အရာရှိ ဆရာဝန်ဆေးမှူးဆိုတဲ့ဂုဏ်ကို မထိခိုက်မပျက်စီးစေဖို့ ကိုယ်တိုင် ထိန်းသိမ်းနေထိုင်သွားကြဖို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။
နောက်ပြီး စစ်သားဆရာဝန်တွေ ဖြစ်တာကြောင့် လိုအပ်လာရင် ခြေလျင်စစ်သားတွေနဲ့အတူ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်တွေကိုပါ ထမ်းဆောင်ရမယ်လို့ ပြောဆိုခဲ့တာပါ။
ဒီလို စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်တဲ့အခါ စစ်ပညာကို အသုံးချပြီး စစ်တပ်ရဲ့ အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုတဲ့ စိတ်ဓါတ်နဲ့ တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်း တိုက်ပွဲတွေမှာ မကြုံဖူးတဲ့ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး အင်အားချိနဲ့လာချိန် စစ်တပ်ဆရာဝန်တွေကိုပါ စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့အထိ ပြောဆိုတာတွေ ရှိလာနေတာပါ။
အခုလို စစ်အုပ်စုက သူတို့အာဏာတည်မြဲအောင် အသက်စွန့်တိုက်ပွဲဝင်ဖို့ ပြောဆိုနေချိန် တဖက်မှာလဲ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကယ်တင်နိုင်ဖို့ စစ်ကောင်စီတပ်သားတွေ ပြည်သူ့ဘက်ရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။