ဒီဇင်ဘာလ (၂၁)ရက်။
ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုအခါ ဂွမြို့ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ(၁၁)တပ်ရင်းတွေအပြင် အခြားတပ်ရင်းအများအပြားနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့မှာ AA က မြို့ရဲ့ (၃)ပုံ (၂)ပုံကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ်အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိသေးပါဘူး။
AA အနေနဲ့ ဂွမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးပါက ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်ရှိတဲ့ မြို့တွေဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့သာ ကျန်တော့မယ်လို့ ပြောဆိုထားပါတယ်။
မနေ့က အမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် AA အနေနဲ့ ရခိုင်ဒေသထဲက မြို့ (၁၄)မြို့အထိ အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့သလို တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ နပခကိုလဲ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
AA အနေနဲ့ စစ်ဆင်ရေးထဲ သိမ်းပိုက်ခဲ့တဲ့မြို့တွေဟာ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နဲ့ မောင်တောတို့ဖြစ်တယ်လို့ သိရပါတယ်။