ဇူလိုင်လ (၂၂)ရက်။
မိုးကုတ်မြို့အရှေ့ပိုင်းက ပန်မထိပ်ရွာအနီးနဲ့ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ PDF(မိုးကုတ်ဗျူဟာ)ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၂၀)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ငယ် (၅)လက်အပါအ၀င် ဒရုန်းတစ်စင်းနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကိုလဲ TNLA နဲ့ MDY-PDF ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေကာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။
ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ တဲခေါ်ရွာက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကျောက်မဲမြို့ရှိ အေးရှားဝေါဂိတ်နဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို TNLA က လိုက်လံရှင်းလင်းခဲ့ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။