ဩဂုတ်လ (၂၂)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က ပခုက္ကူမြို့၊ ကျက်ထိုးအုပ်စုရှိ ကျက်ထိုးနယ်မြေရဲကင်းစခန်းက စစ်ကောင်စီရဲတွေ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ ABSDF အမှတ် (၃)စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အင်အား (၂၀)ကျော်ရှိတဲ့ စစ်ကောင်စီရဲ့ ကျက်ထိုးနယ်မြေရဲကင်းစခန်းဟာ ပခုက္ကူမြိုနယ်ရှိ ကမ္မမြို့နဲ့ မြစ်ခြေမြို့ ဆက်သွယ်ထားတဲ့လမ်းပေါ်မှာ တည်ရှိတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ကျက်ထိုးနယ်မြေရဲကင်းစခန်းကို ABSDF အမှတ် (၃)စစ်ကြောင်းက မီးရှို့ဖျက်ဆီးတာနဲ့ ဘူဒိုဇာအသုံးပြုပြီး မီးရှို့ဖျက်ဆီးတာကို ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့နဲ့ ပေါက်မြို့အစပ်ရှိ စစ်ကောင်စီရဲ့ သာကြီးတောင် ရေနံမြေရဲကင်းကိုလဲ ဩဂုတ်လ (၂၀)ရက်နေ့က ပေါက်မြို့နယ်ပကဖနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ သာကြီးတောင် ရေနံမြေရဲကင်းကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီကနေ့ နံနက်ပိုင်းအချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။