ဩဂုတ်လ (၂၂)ရက်။
မျောက်ကျောက်ရောဂါကြောင့် မြန်မာနိုင်ငံကို ၀င်လာမယ့် ခရီးသည်တွေ ကျန်းမာရေးအချက်အလက်တွေ ဖြည့်သွင်းရမယ်လို့ စစ်ကောင်စီကျန်းမာရေးက အသိပေးထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Mpox(မျောက်ကျောက်ရောဂါကူးစက်မှု)ကို WHO က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ(PHEIC)အနေနဲ့ ဩဂုတ်လ (၁၄)ရက်နေ့မှာ ကြေညာထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီကျန်းမာရေး၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအရ မြန်မာနိုင်ငံထဲ လေဆိပ်တွေနဲ့ ရေလမ်းခရီးကနေ ၀င်ရောက်လာတဲ့ ခရီးသည်တွေအားလုံး ကျန်းမာရေးအချက်အလက်တွေ ဖြည့်ပေးရမယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံထဲ ၀င်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေးအချက်အလက်တွေ ဖြည့်စွက်ပြီး လူ၀င်မှုကြီးကြပ်ရေးကောင်တာတွေကို မဖြတ်သန်းခင် ကျန်းမာရေး၀န်ထမ်းတွေဆီ တင်သွင်းရမယ်လို့ အသိပေးထားပါတယ်။
ခရီးသည်တွေဖြည့်စွက်ရမယ့် အချက်အလက်တွေထဲမှာ သွားလာမယ့်ဒေသအပြင် နေထိုင်မယ့်ကာလ၊ မြန်မာနိုင်ငံထဲ ဆက်သွယ်ရမယ့်ဖုန်းနဲ့ သံသယလူနာ/အတည်ပြုလူနာတွေနဲ့ ထိတွေ့တာရှိမရှိတို့ပါ၀င်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ (၂၁)ရက်ထဲ သွားရောက်ခဲ့တဲ့ နိုင်ငံတွေလဲ ပါ၀င်ကာ မမှန်မကန်ဖြည့်သွင်းပါက အရေးယူခံရမယ်လို့ အသိပေးထားပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရောဂါဖြစ်ပွားသူ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။