မေလ (၂၃)ရက်။
၂၀၂၄ခုနှစ် ဇန်နဝါရီလကစပြီး ဧပြီလအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား (၃၅၉)ဦးနဲ့ ဒဏ်ရာရသူ (၇၅၆)ဦးအထိရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ထံက သိရပါတယ်။
အဲ့ဒီ(၄)လတာကာလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၈၁၉)ကြိမ်ရှိခဲ့ပြီး တစ်ရက်ကို လေကြောင်းတိုက်ခိုက်တာ အနည်းဆုံး (၆)ကြိမ်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ အများဆုံးဒေသတွေဟာ ရခိုင်နဲ့ စစ်ကိုင်းတို့ဖြစ်ကာ ရခိုင်မှာ (၁၈၇)ကြိမ်နဲ့ စစ်ကိုင်းမှာ (၁၁၉)ကြိမ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဘာသာရေးအဆောက်အအုံ (၅၀)ခု၊ စာသင်ကျောင်း (၃၈)ခုနဲ့ ဆေးရုံ (၁၁)ခုတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစပြီး အခုအချိန်အထိ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၄၇၁)ခုရှိခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ဟာ (၁၂၉၅)ဦးရှိကာ ဒဏ်ရာရသူ (၁၆၃၄)ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။
အခု (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးက တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတဲ့ အရေအတွက်ဟာ သိသိသာသာ တိုးမြှင့်နေတယ်လို့ သိရပါတယ်။