ဒီဇင်ဘာလ (၂၃)ရက်။
ကော့ကရိတ်မြို့ ဒေါနတောင်ခြေမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်ချေမှုန်းနေတယ်လို့ Justice Soldier PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းကို တိုက်ခိုက်ရာမှာ ဒီဇင်ဘာလ (၂၁)ရက်နေ့က တိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးရဲဘော် (၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ဒေါနတောင်ခြေကို ရောက်ရှိလာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးပြီး (၄)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့အတူ MA-1 သေနတ် (၁)လက်၊ MA-2 သေနတ် (၁)လက်နဲ့ MA-3 သေနတ် (၃)လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း တိုက်ခိုက်တာကို အမှတ်(၃၂)ဗျူဟာက ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ Justice Soldier PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်နှိမ်နင်းနေကာ ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့ ကျည်ကာ၊ ကျည်ကာဦးထုပ်နဲ့ ကျည်တွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။