ဇွန်လ (၂၄)ရက်။
ဒေသခံလက်နက်ကိုင်အစုအဖွဲ့အကြား ငြိမ်းချမ်းစွာဖြေရှင်းဖို့ CDF-Matupi ရန်ပုံငွေရှာဖွေရေးကော်မတီက မနေ့ကရက်စွဲနဲ့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး CDF-Matupi တပ်မဟာ(၁)နဲ့ တပ်မဟာ(၂)အပြင် သူတို့နဲ့ပတ်သက်တဲ့ အစုအဖွဲ့တွေကြာ သဘောထားကွဲလွဲတာကနေ ပဋိပက္ခအဆင့်အထိ ဖြစ်ပွားနေတာကို အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
မတူ(Matu)တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားပြီး အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
ပြည်တွင်းပြည်ပက မတူ(Matu)ပြည်သူတွေကလဲ မတူ(Matu)တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ဖို့ကို ထိန်းသိမ်းဖို့၊ လူမျိုးရေးအမုန်းတရားတွေ ပြန့်ပွားတာကို ဦးတည်စေမယ့် အပြောအဆိုတွေ ရှောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
CDF-Matupi ရန်ပုံငွေရှာဖွေရေးကော်မတီဟာ နိုင်ငံတကာရောက် မတူလူငယ်တွေစုပေါင်းပြီး နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ CDF-Matupi ကို ရန်ပုံငွေရှာဖွေတာနဲ့၊ တစိုက်မတ်မတ် ပံ့ပိုးကူညီဖို့ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
CDF-Matupi ရန်ပုံငွေရှာဖွေရေးကော်မတီအနေနဲ့ မတူပီတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားပြီး စတင်ဖွဲ့စည်းချိန်ကနေ ဒီကနေ့အချိန်အထိ (၂)နှစ်တာကာလထဲ ရရှိထားတဲ့ ရန်ပုံငွေတွေကို တပ်ရင်းအားလုံးအတွက် တိုက်ရိုက်ပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။