အောက်တိုဘာလ (၂၄)ရက်။
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာနေ အသက် (၅၀)နှစ်အရွယ်ရှိ ဒေါ်ခင်နှောင်းကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အောက်တိုဘာလ (၁၀)ရက်နေ့က ဒေါ်ခင်နှောင်းကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းသွားတာပါ။ အခုအထိ သတင်းမရဘဲ ပျောက်ဆုံးနေပါတယ်။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာနဲ့ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး” လို့ ဆိုပါတယ်။
အရပ်သားတစ်ဦးကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားတဲ့ဖြစ်စဉ်မှာ ဘယ်အဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောဆိုထားတာမရှိဘဲ (၂)ပတ်ကြာတဲ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဖမ်းဆီးခံရပြီး သတင်းမရဘဲ ပျောက်ဆုံးနေတာကြောင့် ဒေါ်ခင်နှောင်းရဲ့ မိသားစုဝင်တွေနဲ့အတူ သပိတ်ကော်မတီအနေနဲ့ သူ့ရဲ့ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး အထူးစိုးရိမ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ဒေါ်ခင်နှောင်းကို ဖမ်းဆီးထားတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့နဲ့ မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာ မပြုလုပ်ဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လှုပ်ရှားရာဒေသမှာဖြစ်ပေါ်နေတဲ့ အခုလိုဖြစ်ရပ်တွေအတွက် အမှန်တရားပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပြီး ပြည်သူကို ကူညီပေးဖို့ကိုလဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။