ဒီဇင်ဘာလ (၂၄)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခန့်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့ရှိ ဟုမ်းလမ်းဘူတာရပ်ကွက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ပစ်ခတ်မှုဖြစ်တာက ဟုမ်းလမ်းဘူတာရပ်ကွက်ဘက်မှာဖြစ်တာ။ ပစ်ခတ်ခံရတာကလဲ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ကြီးပဲ။ ထိခိုက်ဒဏ်ရာရပြီး လူနာတင်ယာဉ်နဲ့ခေါ်သွားတယ်၊ သေလားရှင်လားတော့ သေချာမသိရသေးဘူး” လို့ ဆိုပါတယ်။
ပစ်ခတ်ခံရသူဟာ ဟုမ်းလမ်းဘူတာရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး စန်းငွေဆိုသူဖြစ်ကာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားရောက်ရှိလာပြီး အနီးတဝိုက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။
အုပ်ချုပ်ရေးမှူး စန်းငွေဟာ ရဲပြုတ်တစ်ဦးဖြစ်ပြီး အရင်ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသိန်းထွက်ပြေးသွားပြီးနောက် အုပ်ချုပ်ရေးမှူးတာဝန် ရယူခဲ့ကာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်တာတွေ ပြုလုပ်ခဲ့သူပါ။
အုပ်ချုပ်ရေးမှူး စန်းငွေ ပစ်ခတ်ခံရတာကို စစ်လော်ဘီချန်နယ်တွေကလဲ ဖော်ပြထားကာ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကာ ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်ဌာနကို ပို့ဆောင်ထားတယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။