ဒီဇင်ဘာလ (၂၄)ရက်။
လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က Hlaing Info Media ကို အမည်ပျက်စာရင်း(Black List) ကြေညာလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လှိုင်မြို့နယ်ပကဖ စတင်ဖွဲ့စည်းချိန်ကစပြီး ပြည်သူတွေအတွက် ကာကွယ်ရေး၊ သတင်းမှန်ပြန်ကြားရေးနဲ့ အခြား အဘက်ဘက်ကနေ ပြည်သူတွေအတွက် စွမ်းဆောင်ပေးနိုင်ဖို့ NUG နဲ့ ချိတ်ဆက်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံမှာ ပြည်သူတွေကို သတင်းမှန်ပြန်ကြားဖို့ Hlaing Info သတင်းမီဒီယာအတွက် Admin အနေနဲ့ ခန့်အပ်ထားတဲ့ Phyu(ခ)ချယ်ချယ်နဲ့ ပကဖအဖွဲ့ဝင်တစ်ဦးတို့ကို (၃)နှစ်ကျော်ကြာ လတိုင်း ကူညီထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ Hlaing Info မှာ ဆောင်ရွက်ပေးဖို့ ယုံကြည်စွာ တာဝန်ပေးခဲ့တဲ့ ပကဖအဖွဲ့ဝင်ဟောင်း ချယ်ချယ်နဲ့ အဖွဲ့ဝင်တစ်ဦးတို့ဟာ စည်းကမ်းမလိုက်နာတာ၊ ငွေကြေးကိစ္စတွေ မှန်ကန်စွာ မတင်ပြတာနဲ့ Hlaing Info Media ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေတာ တွေ့ရှိရတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် Hlaing Info Facebook page နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မြို့နယ်ပကဖနဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်တော့ဘဲ Hlaing Info နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီလိုအကြောင်းအရာတွေကြောင့် Hlaing Info Facebook page နဲ့ တယ်လီဂရမ်ချန်နယ်တို့ဟာ မြို့နယ်ပကဖကို ကိုယ်စားမပြုတော့တဲ့အတွက် ထိတွေ့အသုံးပြုနေသူတွေအနေနဲ့ လုံခြုံရေးစိုးရိမ်ရကာ သတိထားဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် လှိုင်မြို့နယ်ပကဖအနေနဲ့ ပြည်သူတွေကို သတင်းမှန်ဖြန့်ဝေဖို့ တရားဝင်ဖွင့်လှစ်ထားတဲ့ Hlaing People Channel Telegram ဖြစ်တဲ့ https://t.me/hlaingpeopleinfo ကို subscribe ပြုလုပ်ထားဖို့ အသိပေးထားတယ်လို့ သိရပါတယ်။