ဇွန်လ (၂၅)ရက်။
မနေ့က ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တဲ့အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တောင်းပန်လွှာပေးပို့ခဲ့တာကို စစ်ကောင်စီသာ/ယဉ်ဝန်ကြီး ဦးတင်ဦးလွင်က လျှောက်ထားတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တောင်းပန်လွှာကို စစ်ကောင်စီဝန်ကြီးနဲ့အဖွဲ့ဝင်တွေက ပဲခူးမြို့ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်ကြီးတွေနဲ့တွေ့ဆုံကာ လျှောက်ထားတင်ပြခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တဲ့အပေါ် ဝမ်းနည်းကြေကွဲရကာ နယ်မြေလုံခြုံရေးကြောင့်ဆိုပြီး တောင်းပန်လွှာမှာ ဖော်ပြထားပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော် စီးနင်းလာတဲ့ကားဟာ သာသနာရေးနဲ့သက်ဆိုင်တဲ့ အမှတ်အသားမပါရှိဘဲ အရပ်ယာဉ်အနေနဲ့ အရှိန်ပြင်းစွာမောင်းတာကြောင့် ပစ်ခတ်ခဲ့ရတာလို့ ရေးသားထားပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အပေါ် အဆင့်မြင့်အရာရှိကြီးတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဖော်ထုတ်စစ်ဆေးနေပြီး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဝန်ကြီးရဲ့ လျှောက်ထားတင်ပြခဲ့အပြီးမှာတော့ ဆရားတော်ကြီးတစ်ပါးက အခုလိုလျှောက်ထားတာကို သိရှိရပြီဖြစ်ကာ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာဖြစ်ပေမယ့် မေ့ပျောက်ဖို့မဖြစ်နိုင်ဘူးလို့ ပြန်လည်မိန့်ကြားခဲ့ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ကြီးအပါအဝင် အရပ်သားပြည်သူတွေကို ဆင်ခြင်ဉာဏ်မဲ့စွာ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံတာမလုပ်ဘဲ သပိတ်မှောက် ကံဆောင်ဖို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။