ဩဂုတ်လ (၂၅)ရက်။
မနေ့က ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ မအူနယ်မြေရဲစခန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ မအူနယ်မြေရဲစခန်းကို ဇူလိုင်လ (၂၅)ရက်ကစပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မနေ့က နံနက် (၂)နာရီအချိန်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် (၂)နာရီအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မအူနယ်မြေရဲစခန်းကနေ Jammer စက်ကြီးတစ်လုံး၊ M79 တစ်လက်၊ ၆၀မမ (၆)လုံး၊ အီနာဂါ (၄)လုံး၊ G3 ကျည် (၂၈၀)တောင့်၊ ၉မမ ကျည် (၅၀)တောင့်၊ ရှေ့ထွက်မိုင်း (၄)လုံး၊ မီးစက်တစ်လုံး၊ ဘတ္ထရီအိုး (၂)လုံးနဲ့ အခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မအူနယ်မြေရဲစခန်းကို ရေစကြိုမြို့နယ်ပကဖနဲ့အတူ Sarlingyi Special Task Force(SSTF)၊ မြိုင်ပကဖ၊ နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနေ့ နေ့လယ်ပိုင်းအချိန်မှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့စခန်းကို ဖျက်ဆီးခဲ့ကာ မနေ့က စစ်ဆင်ရေးကို ရေစကြိုမြို့နယ်ပကဖနဲ့အတူ ပခုက္ကူခရိုင်အမှတ်(၉)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။