ဖေဖော်ဝါရီလ (၂၆)ရက်။
ဖေဖော်ဝါရီလ (၂၄)ရက်နေ့က ရမ်းဗြဲမြို့ကို စစ်ကူလာတဲ့ အင်အား (၁၂၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တာကို ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ(၃၆)တပ်ရင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ(၃၇၃)တပ်ရင်းတွေက လက်ကျန်အင်အားတွေကို ပူးပေါင်းထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တပ်ရင်း (၂)ရင်းပေါင်းပြီး ရဟတ်ယာဉ် (၄)စီးနဲ့ (၇)ကြိမ်အထိ စစ်ကူပို့ဆောင်ခဲ့တဲ့ ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၆၀)ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းထံကနေ အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီတစ်နေ့လုံးနီးပါး စစ်ကောင်စီဟာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ရခိုင်ဒေသထဲမှာ ပေါက်တောမြို့ပြီးရင် ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး အပျက်အစီးအများဆုံးမြို့ဖြစ်ကာ စစ်ကောင်စီရဲ့ အယုတ်မာဆုံး ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။