ဒီဇင်ဘာလ (၂၆)ရက်။
ဒီကနေ့ နံနက်အစောပိုင်း မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်ကနေ Wish အမျိုးအစား အဖြူရောင်ကားတစ်စီးကို လူသတ်ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လူသတ်ဓါးပြတိုက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ နယ်မြေခံတော်လှန်ရေးတပ်တွေက လမ်းတွေပိတ်ဆို့ပြီး မြို့နယ်ပလဖတာဝန်ခံ ကိုအားကူးကိုယ်တိုင် ဦးဆောင်ကာ ရဲဘော်တွေနဲ့အတူ စစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာအဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ မုံရွာမြို့ အက်တောရပ်ကွက် ကန်သာဘုန်းကြီးကျောင်းအရှေ့ဘက် ကွန်ကရစ်လမ်းပေါ်မှာ ကျူးလွန်သူတွေက လုယူလာတဲ့ကားကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကျူးလွန်သူတရားခံတွေရဲ့ သတင်းအချက်တွေကို မုံရွာမြို့နယ်ပလဖက ရရှိထားပြီးဖြစ်ကာ အမြန်ဆုံး ရှာဖွေဖမ်းဆီးဖော်ထုတ်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျုးလွန်ခံရတဲ့ မိသားစုဝင်တွေအနေနဲ့ လုယူခံရတဲ့ကားကို ပြန်လည်ယူဆောင်နိုင်ဖို့ ဖော်ထုတ်ပေးခဲ့ပြီး စစ်ကောင်စီရဲ့ အိမ်စီးကားတွေက အဲ့ဒီနေရာဝန်းကျင်မှာ လှည့်ပတ်နေတယ်လို့ ပြောဆိုထားပါတယ်။
လှည့်ပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေကြား ထိတွေ့ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာကြောင့် ကားကို ထားခဲ့ရပြီး သတင်းအချက်အလက်တွေရယူကာ ဆုတ်ခွာခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အခုလို လူသတ်ဓါးပြတိုက်မှုကျူးလွန်တဲ့ တရားခံတွေကို သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ နယ်မြေထဲ တွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းကာ အသိပေးအကြောင်းကြားဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။