ဖေဖော်ဝါရီလ (၂၇)ရက်။
မနေ့က ရမ်းဗြဲမှာ စစ်ကောင်စီက လေကြောင်း(Y-12)နဲ့ သူတို့တပ်ဖွဲ့၀င်တွေကို ချပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကူစစ်ကြောင်းကိုလဲ AA က လိုက်လံချေမှုန်းတိုက်ခိုက်နေကာ (၂)ရက်ထဲ (၈၀)ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ကစဉ့်ကလျား ထွက်ပြေးနေတဲ့ အဲ့ဒီစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကိုလဲ ဆက်လက်ချေမှုန်းနေကာ စစ်ကူချပေးခဲ့ချိန်က ဂျက်တိုက်လေယာဉ်တွေနဲ့ လမ်းကြောင်းရှင်း ကာကွယ်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မင်းပြားမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၉)လေ့ကျင်ရေး သင်တန်းကျောင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကာ (၉)ရက်မြောက်မှာတော့ ကျောင်းရဲ့ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် လက်နက်ချအညံ့မခံတဲ့ ပုဏ္ဏားကျွန်းမြို့က စစ်ကောင်စီရဲ့ ခမရ(၅၅၀)တပ်ရင်းဌာနချုပ်ကိုလဲ ထိုးစစ်ဆင်နေသလို မောင်တောမြို့မြောက်ဘက်က ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)အနေနဲ့ တတိယနေ့အဖြစ် ဘူးသီးတောင်မြို့၊ သရဖီကျေးရွာအနီးက စစ်ကောင်စီရဲ့ ခမရ(၅၅၂)တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။