ဇူလိုင်လ (၂၇)ရက်။
ဇူလိုင်လ (၂၅)ရက်နေ့က မန္တလေးတိုင်းစစ်ဆင်ရေးထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲထဲ ကျဆုံးသွားခဲ့တဲ့ ရဲဘော်ဟာ အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ်(၈)တပ်ရင်းမှာ တာ၀န်ထမ်းဆောင်နေတဲ့ ရဲဘော် သီဟဇော်(ခ)ဒီဃ ကိုယ်ပိုင်အမှတ် (P12908019)ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲဘော်ဒီဃဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲ၀င်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတာလို့ ရေးသားထားပါတယ်။
ရဲဘော်ဒီဃဟာ တပ်ရင်းကပေးအပ်တဲ့ တာ၀န်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားတာတွေကို အစဉ်အောက်မေ့ကာ ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။
ရွှေဘိုခရိုင် အမှတ်(၈)တပ်ရင်းဟာ စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ MDY-PDF နဲ့အတူ ပူးပေါင်းတိုက်ပွဲ၀င်နေပြီး အခုအချိန်မှာတော့ စဉ့်ကူးမြို့ကို တော်လှန်ရေးအင်အားစုတွေက ဇူလိုင်လ (၁၇)ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ဖျက်ဆီးနေတာလို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။