နိုဝင်ဘာလ (၂၇)ရက်။
ရန်ကုန်တိုင်းထဲ ဖုန်းနဲ့ဆက်သွယ်ကာ အယောင်ဆောင်ပြောဆိုပြီး ငွေကြေးလိမ်လည်တဲ့ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သူတို့ (၅)ဦးကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ မကွေးကနေ ရန်ကုန်ကို ပြေးဆွဲတဲ့ နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်ပေါ်ကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိခဲ့သူတွေဟာ အသက် (၂၀)နှစ်ကနေ (၃၆)နှစ်ကြားရှိသူတွေဖြစ်ကာ ကောက်ရထားတဲ့ မှတ်ပုံတင်တွေနဲ့ KBZ PAY နဲ့ WAVE PAY အကောင့်တွေဖွင့်ပြီး ဖုန်းဆက်ကာ ငွေလိမ်တောင်းနေတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ၂၀၂၃ခုနှစ်ထဲမှာ သူတို့ဟာ ဖုန်းနံပါတ် (၀၉၄၄၇၈၃၆၉၇၈)နဲ့ တဖက်သူကို မိတ်ဆွေသူငယ်ချင်းအနေနဲ့ ယုံကြည်အောင်ဆက်သွယ်ပြီး (၉)ကြိမ်တိတိ လိမ်လည်ကာ ငွေကျပ် (၃၁၆)သိန်း ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လိမ်လည်ရမယ့် ဖုန်းနံပါတ်တွေကို ရှာဖွေစုဆောင်းတာ၊ အယောင်ဆောင်ဆက်သွယ်တာကနေ ရရှိလာတဲ့ ငွေကြေးတွေကို လက်ခံထုတ်ယူတာနဲ့ ရရှိတဲ့ငွေတွေကို ခွဲဝေသုံးစွဲခဲ့ကြတယ်လို့လဲ ပြောဆိုထားပါတယ်။
အခုလို ဖမ်းဆီးရမိခဲ့တဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး ငွေကြေးလိမ်လည်သူတွေကို စမ်းချောင်းမြို့မရဲစခန်းမှာ လိမ်လည်မှုအပါအဝင် ပုဒ်မ (၅)ခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။