မေလ (၂၈)ရက်။
မေလ (၂၇)ရက်နေ့ ညပိုင်းအချိန်က လှိုင်သာယာမြို့နယ်၊ (၈)ရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံးကို အဝေးထိန်းမိုင်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လှိုင်သာယာမြို့နယ်စည်ပင်ရုံးကို ပထမအကြိမ် တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာကြောင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်စည်ပင်ရုံးကို Dark Shadow အဖွဲ့ရဲ့ “ Urban Freedom” စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်တာအောင်မြင်ခဲ့ကာ အထိအခိုက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလှိုင်သာယာမြို့နယ်စည်ပင်ရုံးဟာ စစ်ကောင်စီအမိန့်နာခံပြီး လှိုင်သာယာမြို့နယ်၊ အပြင်ပဒံ ကျွန်းကြီးကျေးရွာက ပြည်သူတွေရဲ့ အိုးအိမ်တွေကို မတရားအနိုင်ကျင့် ဖျက်ဆီးတာမှာ ပါဝင်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်မှာပါဝင်နေတဲ့ စစ်ကောင်စီနဲ့ပူးပေါင်းကာ လက်နက်အားကိုး၊ ပထွေးအားကိုးနဲ့ အကြမ်းဖက်အနိုင်ကျင့်နေတဲ့ လှိုင်သာယာက လူမိုက်အမည်ခံ စစ်ကောင်စီလက်ကိုင်တုတ်တွေကိုလဲ ဆက်လက်ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။
အခုလို လှိုင်သာယာမြို့နယ်စည်ပင်ရုံး တိုက်ခိုက်ခံရတာကို စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကလဲ ရေးသားထားကြကာ ထိခိုက်တာမရှိဘူးလို့ ပြောဆိုထားချက်အရ သိရပါတယ်။