ဇူလိုင်လ (၂၈)ရက်။
ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းဖို့ ရေးဆွဲဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ (၂၆)ရက်မှာပြုလုပ်ခဲ့တဲ့ e – Government အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နည်းပညာဖွံ့ဖြိုးတိုးတက်လာတာကြောင့် အကျိုးကျေးဇူးတွေရှိပေမယ့် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇ၀တ်မှုတွေ မြင့်တက်လာပြီး ဆိုက်ဘာလုံခြုံရေးအန္တရာယ်တွေနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဆိုက်ဘာလုံခြုံရေးအစီအမံတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒကို ၂၀၂၃ခုနှစ်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး ဆိုက်ဘာလုံခြုံမှုကို ဥပဒေနဲ့အညီ ထိန်းကျောင်းသွားနိုင်ဖို့အတွက် ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေပါ၀င်နိုင်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲနေတာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အရင်တုန်းကထဲက ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့ e – Government ရဲ့ ပုံရိပ်ကို တိုးမြှင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက်ဖို့ကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ e – Government ကော်မတီအစည်းအဝေးမှာ သတင်းအချက်အလက် လုံခြုံစေဖို့ကိုလဲ ဆောင်ရွက်ကြဖို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင် နေပြည်တော်မှာ အစည်းအဝေး လုပ်နေတုန်း ရှမ်းမြောက် လားရှိုးမြို့ကို “ ဝ” တပ်ဖွဲ့က ဝင်ရောက်သိမ်းယူသွားပြီ ဖြစ်ပါတယ်။