စက်တင်ဘာလ (၂၇)ရက်။
စစ်ကောင်စီရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီအပေါင်းအပါတွေအနေနဲ့ သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိတဲ့ အဘက်ဘက်မှာ ရှုံးနိမ့်နေပြီး တုံ့ပြန်နိုင်ဖို့ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်လာခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ကာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ အသုံးချပြီး နိုင်ငံရေးမှာ ဆက်လက်နေရာရဖို့ အားထုတ်တာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် MSFC အနေနဲ့ စစ်ကောင်စီ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ရေးသားထားပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေ မိမိတို့မျိုးဆက်မှာသာ ရပ်တန့်သွားဖို့အတွက် သူတို့ကြိုးပမ်းဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုင်ငံရေးထွက်ပေါက်မပေးဖို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေး စတဲ့ ဘယ်လိုကူညီတာကိုမှ မပြုလုပ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။