နိုဝင်ဘာလ (၂၈)ရက်။
တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူပြီး ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲထဲ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းကနေ လိမ်လည်တဲ့ နိုင်ငံခြားသားတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေဆီ အမြန်ဆုံးလွှဲပြောင်းနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
နောက်ပြီး Online Scam Center လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်တဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ အခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့အထိ မြန်မာနိုင်ငံထဲ ရှာဖွေကယ်တင်ပေးခဲ့တဲ့ နိုင်ငံခြားသား စုစုပေါင်း (၁၂၄၂)ဦးရှိပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲမှာ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့တွေနဲ့ နိုင်ငံခြားသံရုံးတွေက တာဝန်ရှိသူတို့အကြား နိုင်ငံခြားသားတွေကို ရှာဖွေကူညီကယ်တင်တာနဲ့ လွှဲပြောင်းပေးတာတွေမှာ ဖြေရှင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။