ဒီဇင်ဘာလ (၂၈)ရက်။
မနေ့က ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်းသားတွေနဲ့ တွေ့ဆုံချိန် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်သည်တွေအနေနဲ့ နိုင်ငံအလံကို လက်နဲ့ထိတွေ့ပြီး သစ္စာဆိုထားတဲ့အတိုင်း စစ်တပ်အပေါ် သစ္စာစောင့်သိဖို့အပါအဝင် ရဲဘော်၊ မိသားစုနဲ့ နိုင်ငံအပေါ် သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး စစ်အတတ်ပညာတွေကို အမြဲတမ်းလေ့ကျင့်ဖို့၊ အမြဲတမ်း စစ်ရေးသတိရှိဖို့နဲ့ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမယ်ဆိုတဲ့ မြဲ(၃)မြဲနဲ့အညီ အမြဲမပြတ် လေ့ကျင့်လိုက်နာသွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
စစ်ကောင်စီအနေနဲ့ ဧပြီလပိုင်းကစပြီး စစ်မှုထမ်းသင်တန်းကို ဖွက့်လှစ်ခဲ့ကာ အခုအခါ သင်တန်းအပတ်စဉ် (၆)အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို အဲ့ဒီသင်တန်းဆင်းတွေထဲ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အချိန်တိုတိုနဲ့ စစ်သင်တန်းပေးပြီး ရှေ့တန်းကို စေလွှတ်ကာ တိုက်ပွဲဝင်ခိုင်းတာတွေကြာင့် စစ်မြေပြင်မှာ သေဆုံးထိခိုက်တာတွေရှိနေပြီး စိတ်ဓါတ်ပျက်ပြားကာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာတာတွေ ရှိနေပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းသင်တန်းသားတွေကို သတ်မှတ်ချက်တွေနဲ့အညီ အကျုံးဝင်သူကိုသာ ခေါ်ယူတယ်လို့ ပြောဆိုထားပေမယ့်လဲ မြေပြင်မှာတော့ ငွေကြေးယူပြီး လူစားထိုးတာနဲ့ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတာပါ။
ဒီလို အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေဟာ မြို့ကြီးတွေမှာပါ ပေါ်ပေါ်ထင်ထင် ဖြစ်နေပေမယ့် စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူတာမရှိတဲ့အတွက် စီးပွားရေးတစ်ခုအနေနဲ့ လုပ်ဆောင်နေကြတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။