မေလ (၂၉)ရက်။
ဒီကနေ့ နံနက်(၂)နာရီခွဲအချိန်က ရေဦးမြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူ (၁၃)ဦး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ်-ပကဖထံက သိရပါတယ်။
ရေဦးမြို့က အထက(၁)စာသင်ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ဆိုပြီး မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေထဲက အချို့ဟာ ထပ်မံထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီလက်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူတွေကို ရေဦးမြို့နယ်မြောက်ပိုင်း(ပကဖ)က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။
မေလ (၁၂)ရက်နေ့ကလဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူတွေထဲက ပြည်သူ (၁၁)ဦး ထွက်ပြေးလာခဲ့တဲ့အတွက် မြို့နယ်ပကဖဟာ လွတ်မြောက်နယ်မြေကို ဘေးကင်းစွာနဲ့ ပို့ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ မေလ (၂၇)ရက်နေ့ကလဲ ရေဦးမြို့နယ်ရှိ ဝန်ထမ်းအိမ်ယာရှေ့မှာ စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကားကို ရေဦးမြို့နယ်ပကဖ(ဖိုက်တာတပ်ခွဲ)နဲ့ မြို့ပြ UG ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။