ဇူလိုင်လ (၂၉)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ပတ်ကင်းယာဉ်တန်းကို လှိုင်သာယာမြို့နယ်ရှိ အဆင့်မြင့်မှတ်တိုင်နဲ့ ဗိုလ်ချုပ်မှတ်တိုင်ကြားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီပတ်ကင်းယာဉ်တန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်တဲ့အခြေအနေကိုတော့ မသိရှိရသေးကာ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
God’s Hand Forces(GHF)ရဲ့ မြို့ပြမှာ စစ်ကောင်စီအနေနဲ့ လုံး၀အုပ်ချုပ်ခွင့်မရစေဖို့နဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ရိုက်ချိုးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုလို လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီပတ်ကင်းကို တိုက်ခိုက်ခဲ့တာဟာ “ M 043 စစ်ဆင်ရေး” ရဲ့ တစိတ်တဒေသဖြစ်ကာ စတုတ္ထမြောက် ဖော်ဆောင်တာလို့ GHF က ပြောဆိုထားပါတယ်။
အများပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဒေါက်တိုင်တွေ၊ လုပ်ငန်းဌာနတွေ၊ စစ်ကောင်စီရဲ့ အထိုင်ကင်းတွေ၊ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။