နိုဝင်ဘာလ (၂၉)ရက်။
ဒေသအလိုက် လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင် လုပ်ဆောင်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အဆင့်ဆင့်ဒေသက တာဝန်ရှိသူတွေက ဒေသအလိုက် လက်နက်ကိုင်အင်အားတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင် လုပ်ဆောင်ကြပါ။ ဒါမှ ပေါင်းစည်းညီညွတ်ရေးမှာ အတားအဆီးဖြစ်နေတာကို ဖယ်ရှားပြီး နီးနီးကပ်ကပ် ပိုမိုလုပ်ဆောင်နိုင်မှာ” လို့ ဆိုပါတယ်။
နောက်ပြီး စစ်ရေးနဲ့ နယ်မြေစိုးမိုးရေး ဖော်ဆောင်တာကို တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးစားရမှာက ပထမဆုံး လုပ်ငန်းဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးကာလဖြစ်တာကြောင့် အခွန်ကိစ္စတွေအပါအဝင် နယ်မြေစိုးမိုးရေး ပိုမိုအားကောင်းလာစေဖို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဖို့ မှာကြားခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားရေးကိစ္စကလွဲပြီး တော်လှန်ရေးကာလမှာ အရေးမကြီးသေးတဲ့ အသုံးစရိတ်တွေကို လျော့ချကာ စစ်ရေးမှာ ပိုမိုသုံးစွဲပြီး အချိန်မဆွဲဘဲ နယ်မြေစိုးမိုးရေးကို အဓိကထား ဝိုင်းဝန်းကြိုးစားလုပ်ဆောင်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ နွေဦးတော်လှန်ရေးထဲ ပြန့်ကျဲနေတဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ PDF တပ်ရင်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို တွန်းလှန်ဖို့ NUG က ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။