နိုဝင်ဘာလ (၂၉)ရက်။
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမခးတွေအပါအဝင် ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖက ဒီကနေ့မှာ အသိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးကောက်ခံနေတဲ့ လျှပ်စစ်ဝန်ထမ်း၊ အကောက်ခွန်ဝန်ထမ်း၊ ပတ်စ်ပို့ဝန်ထမ်းနဲ့ စည်ပင်ဝန်ထမ်းတွေကို အရေးယူပေးဖို့ မြို့နယ်ပလဖထံ တိုင်စာတွေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အခုကြေညာချက် ထုတ်ပြန်တဲ့အချိန်ကစပြီး အဲ့ဒီဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ္စာဖောက်လောက်ကောင် ဝန်ထမ်းတွေကို ပစ်မှတ်ထား အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
နောက်ပြီး ဖမ်းဆီးခံရတဲ့ မိန်းမကောင်း၊ မိန်းမပျိုတွေဟာ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ခေါ်ဆောင်ပြီး ဖျက်ဆီးခံနေရတယ်လို့လဲ ဖော်ပြထားပါတယ်။
ဒီလို စစ်ကောင်စီအလိုကျ အသုံးတော်ခံပြီး မိမိအကျိုးစီးပွား တစ်ခုထဲကိုကြည့်ကာ ပြည်သူအပေါ် မငဲ့ကွက်တဲ့ လုပ်ငန်းရှင်တွေကို စစ်ရေးပစ်မှတ်အနေနဲ့ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့ပြင် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်ပလဖ)အနေနဲ့ ပြည်သူတွေနဲ့ တသွေးထဲ တသားထဲ ရပ်တည်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။