မေလ (၃၀)ရက်။
မနေ့က နံနက်(၉)နာရီ (၁၉)မိနစ်အချိန်က ချောင်းဦးမြို့ရှိ မုံရွေးတိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ မြပုလဲစခန်းဂိတ်ထဲကနေထွက်လာပြီး မုံရွေးတိုးဂိတ်အနီးက လမ်းသွားလမ်းလာပြည်သူတွေရဲ့ကားတွေကို တားဆီးစစ်ဆေးအနိုင်ကျင့်နေတာလို့ ဆိုပါတယ်။
ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ သွားရောက်စောင့်ဆိုင်းချိန် စစ်ကောင်စီတပ်သား(၃)ဦးဟာ အသင့်ပြင်ထားတဲ့ ပစ်မှတ်ပေါ်ကို မယောင်မလည်နဲ့ ရောက်ရှိလာခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပစ်မှတ်ပေါ်ကို ရောက်ရှိလာတာကြောင့် ပဒေသာမိုင်း (၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ (၃)ဦးစလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တာလို့ ရေးသားထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြောက်လန့်တကြား လမ်းဘေးဝဲယာကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကာ အနီးမှာ ပြည်သူတွေရှိနေတာကြောင့် ပြန်လည်တိုက်ခိုက်ဖို့ အခက်အခဲရှိခဲ့ပြီး စစ်ဆင်ရေးဖျက်သိမ်းကာ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေရှိနေချိန် အနီးကပ်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ မဖြစ်မနေခရီးသွားလာကြရတဲ့ ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။