ဇွန်လ (၃၀)ရက်။
ဇွန်လ (၂၇)ရက်နေ့က မတ္တရာမြို့မှာ စစ်ကောင်စီတပ်သား (၄)ဦးအပါအ၀င် လက်နက်နဲ့ ထောက်ပို့ကားတွေ ဖမ်းမိခဲ့တယ်လို့ မြို့နယ်-ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တာမှာ စစ်ကောင်စီတပ်သား (၄)ဦးနဲ့အတူ သေနတ် (၄)လက်နဲ့ ထောက်ပို့ကား (၂)စီတို့ကို သိမ်းဆည်းရမိခဲ့ကာ အသေးစိတ်ကိုတော့ ပြောဆိုထားတာမရှိသေးပါဘူး။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား (၄)ဦးထဲက (၂)ဦးဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကဖြစ်ပြီး ကျန် (၂)ဦးကတော့ လက်ရုံးတပ်တွေကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေကို ပြင်ဦးလွင်ခရိုင်-ပကဖနဲ့ မတ္တရာမြို့နယ်-ပကဖတို့က ဖမ်းဆီးရမိခဲ့တာလို့ ရေးသားထားပါတယ်။
မတ္တရာမြို့အနီးရှိ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကလဲ မတ္တရာမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ သွားလာတာမပြုလုပ်ဖို့ သတိပေးထားပါတယ်။
မန္တလေးမြိုနဲ့ မိုင်(၂၀)ခန့်သာကွာဝေးပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာမြို့ကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေပြီး တံတားဦးလေတပ်ကနေ လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။