ဩဂုတ်လ (၃၀)ရက်။
အထူးဒေသ(၁)ရဲ့ ရေအားလျှပ်စစ်ကုမ္ပဏီက ဓါတ်အားလိုင်းတွေ ပြုပြင်တာပြီးစီးပါက မကြာမီ လားရှိုးမြို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိတော့မယ်လို့ MNDAA ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် လားရှိုးမြို့မှာ အခုအခါ လျှပ်စစ်ဓါတ်အား ပေးဝေတဲ့စနစ် ပြတ်တောက်နေပြီး ဓါတ်အားပြန်လည်ရရှိဖို့ကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လားရှိုးမြိုမှာ လျှပ်စစ်ဓါတ်အား အမြန်ဆုံး ပြန်လည်ရရှိဖို့နဲ့ လားရှိုးမြို့ပြည်သူတွေရဲ့ လျှပ်စစ်ဓါတ်အား လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ ရေနဲ့ လျှပ်စစ်ကုမ္ပဏီက ၀န်ထမ်း (၁၀)ဦးကို ဒေသခံ၀န်ထမ်းတွေနဲ့အတူ 33KV ပင်မလိုင်းကို ပူးပေါင်းပြုပြင်နေတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အိုမင်းတာနဲ့ ပျက်စီးသွားတဲ့ လျှပ်စစ်တိုင်တွေကို အစားထိုးကာ ဗို့အားမြင့်လိုင်းတွေ ပြန်လည်သွယ်တန်းပေးမှာဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းတွေကို ရက်အနည်းငယ်ထဲ ပြီးစီးမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒီကာလထဲ လားရှိုးနေပြည်သူတွေအနေနဲ့ အိမ်မှာရှိတဲ့ လျှပ်စစ်ဓါတ်ကြိုးတွေနဲ့ Circuits breaker တွေကို စစ်ဆေးပြီး ပြင်ဆင်သင့်ကာ ပြဿနာတွေရှိခဲ့ပါက မလိုလားအပ်တဲ့ မတော်တဆမှုတွေ မဖြစ်စေဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် လျှပ်စစ်ဓါတ်အားရရှိဖို့ အပြည့်အ၀အာမခံဖို့အတွက် ရေအားလျှပ်စစ်ကုမ္ပဏီက အနည်အနှစ်စွန့်ထုတ်တာ၊ ရေလမ်းကြောင်းသန့်ရှင်းဖို့နဲ့ နန်မဲချောင်း အဆင့်(၂) ရေအားလျှပ်စစ်စခန်းအတွက် တာဘိုင်စမ်းသပ်လည်ပတ်တာ စတဲ့ ပဏာမပြင်ဆင်တာတွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။